Spring Step Myanmar

နွေဦးခြေလှမ်း မြန်မာ (လှိုင်ဝင်း စီစဥ်သည်)


Spring Step Myanmar

မြန်မာစစ်တပ်မှ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အနီးအနားကျေးရွာအချို့တွင် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်မှု၊ ရောင်းချမှုနှင့် သုံးစွဲမှုများကို အလွယ်တကူ ပြုလုပ်နေကြသည့်အတွက် ဒေသခံများမှ လူငယ်များအတွက် စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

​WY စိတ်ကြွဆေးပြားများအပါအဝင် အခြားသော မူးယစ်ဆေးဝါးများကို ယခုကဲ့သို့ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်နေသဖြင့် အသက် ၁၁ နှစ်မှ ၂၀ ဝန်းကျင် လူငယ်များအပြင် အသက် ၃၀ နီးပါး လူလတ်ပိုင်းများပါ ဆေးစွဲမှုများ ရှိလာနေကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

​မူးယစ်ဆေးဝါးများ အလွယ်တကူ ဝယ်ယူရရှိနေခြင်းသည် အုပ်ချုပ်ရေးအာဏာပိုင်များဘက်မှ ထိရောက်စွာ ဖမ်းဆီးထိန်းသိမ်းခြင်း၊ တားမြစ်ခြင်းနှင့် အရေးယူခြင်းများ အားနည်းနေခြင်းကြောင့်ဖြစ်ပြီး အချို့သော အရောင်းအဝယ်ပြုလုပ်မှုများတွင် ဌာနဆိုင်ရာ ဝန်ထမ်းအချို့ပါ ပါဝင်ပတ်သက်နေကြောင်း ဒေသခံများကဆိုသည်။

​ယခုကဲ့သို့ ဆေးသုံးစွဲသူ လူငယ်များ ပေါများလာသည့်အတွက် ဒေသခံ ပြည်သူများနှင့် မိဘများအနေဖြင့် သားသမီးများကို ထိန်းသိမ်းရန် ပိုမိုခက်ခဲလာသည့်အပြင် နောက်ဆက်တွဲ ခိုးဆိုးလုယက်မှုနှင့် ရာဇဝတ်မှုများ ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်နေကြသည်။

​ထို့ကြောင့် ယခုအခြေအနေ ပိုမိုဆိုးရွားမလာမီ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ တားမြစ်ထိန်းသိမ်းပေးရန် ဒေသခံများမှ လိုလားနေကြသည်။

Spring Step Myanmar

#ရခိုင်သတင်း #မာန်အောင်မြို့ #မူးယစ်ဆေးအန္တရာယ် #သတိပြုရန် #WhatHappeningInMyanmar

11 hours ago | [YT] | 0

Spring Step Myanmar

တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားသူ ဦးကျော်သက်လင်းသည် မိသားစုနှင့်အတူ တတိယနိုင်ငံတစ်ခုသို့ ဘေးကင်းစွာ ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်လိုက်သည်။

​ဦးကျော်သက်လင်း၏ လူမှုကွန်ရက် မျှဝေမှုတွင် ၎င်းတို့ မိသားစု အေးစက်သော ရာသီဥတုရှိသည့် ပြည်ပနိုင်ငံတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားပြီး၊ ရာသီဥတု အပူချိန်မှာ အနုတ် ၂ ဒီဂရီခန့်အထိ အေးမြသဖြင့် ဆောင်းရာသီဝတ်စုံများ ဝတ်ဆင်ထားရသည့် အခြေအနေကို ပုံများနှင့်တကွ ဖော်ပြထားသည်။

​ထို့အပြင် ၎င်းတို့၏ ရောက်ရှိမှုနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ မိသားစုနှင့်အတူ ဘေးကင်းစွာ အခြေချနိုင်ခဲ့သည့် ဓာတ်ပုံများကို မျှဝေကာ အသိပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Spring Step Myanmar

#KyawThetLinn #တတိယနိုင်ငံ #Refugee #ဒုက္ခသည် #WhatHappeningInMyanmar

11 hours ago | [YT] | 6

Spring Step Myanmar

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် စစ်မျက်နှာနှင့် နတ်ရေကန်ဗျူဟာကုန်း ပတ်ဝန်းကျင်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန် လျက်ရှိကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာလ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း အာရက္ခပြည် စစ်မျက်နှာ၌ စစ်ကောင်စီ၏ ထိုးစစ်များကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး၊ ရန်သူ့ထိုးစစ်အရှိန်မှာ ကျဆင်းသွားခြင်း မရှိသေးဘဲ ရှေ့တိုးရန် ကြိုးစားနေသော်လည်း အထိအခိုက် အကျအဆုံးများနှင့်သာ ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

​ထို့အပြင် ယနေ့အချိန်အထိ အာရက္ခတပ်တော်မှ ဝိုင်းပတ်ပိတ်ဆို့ထားသော နတ်ရေကန်ဗျူဟာကုန်း ပတ်ဝန်းကျင်၌လည်း နှစ်ဖက်တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အဆိုပါ နတ်ရေကန်ဗျူဟာကုန်းသို့ ခဲယမ်းနှင့် ရိက္ခာလာရောက်ပို့ဆောင်သည့် စစ်ကောင်စီ၏ ပါရာမော်တာတစ်စင်းကို အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များက ပစ်ချနိုင်ခဲ့ပြီး၊ ၎င်းယာဉ်နှင့်အတူ ပါရှိလာသော ခဲယမ်းနှင့် ရိက္ခာအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

​ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း စစ်တွေစစ်မျက်နှာ ရေကြောင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်၏ စစ်သင်္ဘောများကို အာရက္ခတပ်တော်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီးနောက် ယခုအခါ ဒုတိယအကြိမ်မြောက်အဖြစ် ရန်သူ၏ စစ်ဘက်ဆိုင်ရာ လေကြောင်းထောက်ပံ့ရေးယာဉ်တစ်စီးကို ထပ်မံတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

​လက်ရှိတွင် အာရက္ခဒေသနှင့် ထိစပ်နေသော စစ်မျက်နှာများ၌လည်း တိုက်ပွဲများ ပုံမှန်ဖြစ်ပွားလျက်ရှိပြီး၊ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များအနေဖြင့် အရှုံးမပေးသော စိတ်ဓာတ်၊ နောက်မဆုတ်သော စိတ်ဓာတ်တို့ဖြင့် စစ်နည်းဗျူဟာများအသုံးပြုကာ အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Spring Step Myanmar

#ရခိုင်သတင်း #စစ်တွေ #နတ်ရေကန်ဗျူဟာကုန်း #facebookpost #whathappeninginmyanmar

14 hours ago | [YT] | 1

Spring Step Myanmar

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အထပ်မြင့်အိမ်ခန်းများနှင့် အဆောက်အအုံများကို တပ်မတော်က စာရင်းကောက်ယူထားပြီး ညပိုင်းအချိန်များတွင် လုံခြုံရေး စုရပ်နှင့် စခန်းအဖြစ် အသုံးပြုမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

​စစ်တွေမြို့ရှိ အထပ်မြင့်တိုက်များကို ယခင်ကတည်းက စာရင်းယူထားခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ အိမ်ခန်းများနှင့် အဆောက်အအုံများအတွင်းသို့ ညဉ့်အချိန်များ၌ စစ်သားများ အဝင်အထွက်ပြုလုပ်ကာ လုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းများအတွက် အသုံးပြုနေသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

​လက်ရှိတွင် စစ်တွေမြို့ပေါ်၌ လုံခြုံရေး ပိုမိုတိုးမြှင့်ထားပြီး ရပ်ကွက်များအပြင် ဘုန်းတော်ကြီးကျောင်းများအထိပါ ဧည့်စာရင်းစစ်ဆေးမှုများကို ယခင်ကထက် တိုးမြှင့်လုပ်ဆောင်လာကြောင်း သိရသည်။

ထို့အပြင် မြို့ပေါ်၌ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းနှင့် စစ်ရေးအခြေအနေများကြောင့် နေဝင်ချိန်မှစ၍ လမ်းမများပေါ်တွင် သွားလာသူ မရှိသလောက် နည်းပါးနေချိန်၌ အဆိုပါ ညပိုင်းလှုပ်ရှားမှုများကို ပိုမိုပြုလုပ်လာခြင်းဖြစ်သည်။

​ညပိုင်းအချိန်များတွင် ရိက္ခာနှင့် စက်ပစ္စည်း ပို့ဆောင်မှုများ၊ ဆေးဝါးကုသရေးဆိုင်ရာ ပို့ဆောင်မှုများအပါအဝင် လုံခြုံရေးယာဉ်များ သွားလာလှုပ်ရှားမှုကို ပိုမိုတွေ့မြင်ရလေ့ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

​တစ်ဖက်တွင်လည်း စစ်တွေမြို့ပြင်ဘက်၌ စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေပြီး နယ်မြေထိတွေ့မှုများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း စစ်တွေစစ်မျက်နှာ၌ နှစ်ဖက် ထိတွေ့မှုများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း အာရက္ခတပ်တော် (AA) ၏ အောက်တိုဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Spring Step Myanmar

#ရခိုင်သတင်း #စစ်တွေမြို့ #ညမထွက်ရအမိန့် #ArakanArmy #whathappeninginmyanmar

14 hours ago | [YT] | 3

Spring Step Myanmar

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂) မှ ထွက်ခွာလာသည့် စစ်ကောင်စီ စစ်ယာဉ်တန်းများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ရှေ့ထွက်မိုင်းများနှင့် FPV ဒရုန်းများ အသုံးပြု၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ယာဉ် ၄ စီး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍သိရှိရသည်။

​ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းက ဆိပ်ဖြူမြို့နယ် ကပစ (၂၂) မှ ပေါက်မြို့နယ်ဘက်သို့ ဦးတည်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပုသိမ်-မုံရွာလမ်းပိုင်း၊ ပေခုနှစ်ပင်လမ်းဆုံအနီးတွင် ရှေ့ထွက်မိုင်းများဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ယာဉ် ၂ စီး မီးလောင်ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို ကပစ (၂၂) အတွင်းသို့ ပြန်လည်သယ်ဆောင်သွားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ထို့အပြင် အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းတွင်လည်း အဆိုပါ ကပစ (၂၂) မှ ထွက်ခွာလာပြီး ပေါက်မြို့နယ်၊ တည်ပင်ကန်ကျေးရွာအနီး ရောက်ရှိလာသည့် စစ်ယာဉ် ၂၇ စီးပါ ယာဉ်တန်းကို FPV ဒရုန်းများဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ နောက်ထပ် စစ်ယာဉ် ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

​အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုတ်မြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီ စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက် နံနက် ၁၁ နာရီခန့်တွင် အင်အား ၈၀ ကျော်ပါ စစ်ကြောင်းသည် တလုတ်မြို့မြောက်ဘက်သို့ စစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ စစ်ကြောင်းမှူး အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးကာ ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း တလုတ် PDF တာဝန်ခံက ပြောကြားသည်။

​စစ်ကြောင်းမှူး အပါအဝင် အရာရှိအချို့ ထိခိုက်သေဆုံးပြီးနောက် စစ်ကောင်စီဘက်က တိုက်လေယာဉ် ၁ စီး၊ Mi-35 ရဟတ်ယာဉ် ၁ စီးနှင့် အသေခံဒရုန်း ၅ စီးတို့ဖြင့် လေကြောင်းမှ ပစ်ကူပေးကာ စစ်ကြောင်းကို ပြန်လည်ဆုတ်ခွာစေခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းတွင်လည်း တလုတ်မြို့ဘက်မှ တက်လာသော ဒရုန်းတစ်စီးဖြင့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာနေရာသို့ ဗုံးကျဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ပြည်သူပိုင် နွားများ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

Spring Step Myanmar

#မကွေးတိုင်းသတင်း #ဆိပ်ဖြူ #တလုပ်မြို့ #မြင်းခြံ #whathappeninginmyanmar

1 day ago | [YT] | 8

Spring Step Myanmar

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျောက်ဆိပ်ကျေးရွာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သလို မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာတွင်လည်း ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရှိရပါသည်။

​လတ်တလော ရရှိထားသော သတင်းများအရ အောက်တိုဘာလ ၂၉ ရက် ည ၉ နာရီဝန်းကျင်တွင် ကျောက်ဆိပ်ကျေးရွာသို့ ဒရုန်းနှစ်စီး ကျရောက်ခဲ့ရာ တစ်စီးမှာ စာသင်ကျောင်းရှေ့တွင် ပေါက်ကွဲခဲ့ပြီး ကျန်တစ်စီးမှာ ပေါက်ကွဲခဲ့ခြင်း မရှိကြောင်း သိရပါသည်။

အဆိုပါ ကျောက်ဆိပ်ကျေးရွာသည် လွန်ခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ဒရုန်းကျရောက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည့် ရွာတစ်ရွာဖြစ်ပြီး ယခုဖြစ်စဉ်မှာ ထပ်မံကြုံတွေ့ရခြင်း ဖြစ်ပါသည်။

​ထို့ပြင် အောက်တိုဘာလ ၃၀ ရက် အရုဏ်မတက်မီ ည ၂ နာရီခန့်တွင်လည်း မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိ စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရပါသည်။

​အဆိုပါ ဖြစ်စဉ်နှစ်ခုလုံးတွင် အရပ်သား ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကိုမူ အတည်ပြုနိုင်ရန်အတွက် ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရပါသည်။

Spring Step Myanmar

#ရခိုင်သတင်း #ပုဏ္ဏားကျွန်း #မောင်းတော #လေကြောင်းတိုတ်ခိုက်မှု #whathappeninginmyanmar

1 day ago | [YT] | 2

Spring Step Myanmar

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်တပ်က အင်အား ၃၀၀ ကျော်၊ စစ်ကား အစီး ၂၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကျေးရွာ ငါးရွာနှင့် စစ်ဘေးရှောင်စခန်းတစ်ခုမှ ဒေသခံ ၅,၃၀၀ ကျော် (အိမ်ထောင်စု ၁,၀၇၀) ဘေးလွတ်ရာ တောတောင်များအတွင်း သို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိပါတယ်။

​ဆိပ်ဖြူမြို့အခြေစိုက် ကပစ-၂၂ မှ ထွက်လာသော ထိုစစ်ကြောင်းသည် ချက်ကန်ရွာမှတစ်ဆင့် ပေါက်မြို့အခြေစိုက် ကပစ-၂၄ သို့ ဦးတည်နေပြီး စစ်ဘေးရှောင်ပြည်သူများသည် ရာသီဥတုဒဏ်အပြင် သောက်သုံးရေနှင့် အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လတ်တလော အလွန်လိုအပ်နေကြောင်း သိရှိရပါသည်။

​ထို့ပြင် ပေါက်မြို့နယ်မြောက်ပိုင်းတွင်လည်း ရေနံမှော်နေရာများကို ဦးတည်သည့် စစ်ကြောင်းကြောင့် ဒေသခံ ၃,၁၀၀ ခန့်မှာ နေရပ်မပြန်နိုင်သည်မှာ သုံးလနီးပါး ရှိနေပြီဖြစ်ပါသည်။

​Spring Step Myanmar

​#မကွေးတိုင်း #ပေါက်မြို့နယ် #စစ်ဘေးရှောင်ပြည်သူ #မြန်မာသတင်း #whathappeninginmyanmar

1 day ago | [YT] | 3

Spring Step Myanmar

ရခိုင်ပြည်နယ်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်ရှိ ငပြီကျွန်းဒေသသို့ စစ်ကောင်စီတပ်များက ရေလမ်းမှတစ်ဆင့် ကမ်းတက်ရန် ကြိုးပမ်းလာရာမှ စတင်ခဲ့သည့် တိုက်ပွဲများသည် ယနေ့အထိ ဆက်လက်ပြင်းထန်လျက် ရှိသည်။

အောက်တိုဘာ ၇ ရက်မှစ၍ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ငပြီကျွန်းအနီးဝန်းကျင်ရှိ တောင်းဖူး၊ သဝင်ချောင်း၊ ကြိမ်ခွေမော်၊ တောင်ညို၊ သဲခုံနှင့် ငပြီကျွန်း ကျေးရွာများအပါအဝင် ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

​ထွက်ပြေးတိမ်းရှောင်နေရသူများတွင် အဓိကအားဖြင့် စိုက်ပျိုးရေး လုပ်ကိုင်သည့် လယ်သမားများနှင့် ရေလုပ်သား အများစု ပါဝင်နေသည်။

လက်ရှိတွင် စိုက်ပျိုးထားသော စပါးများ ရိတ်သိမ်းချိန် နီးကပ်နေပြီဖြစ် သော်လည်း စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် ထွန်ယက်စရိတ်များစွာ ရင်းနှီးစိုက်ပျိုးထားသည့် စပါးခင်းများကို စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရသည်။
စပါးများ အချိန်မီ မရိတ်သိမ်းနိုင်ပါက ကြီးမားသည့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး အချို့မှာ စပါးခင်းများနှင့် ကျွဲနွားများကို စောင့်ရှောက်ရန်အတွက် ရွာတွင် တစ်ဦးစနှစ်ဦးစသာ ကျန်ရစ်ခဲ့ကြကြောင်း သိရသည်။

​တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က ငပြီကျွန်းအနီးတစ်ဝိုက်ကို စစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်သည့်အပြင် စစ်တွေဘက်မှ ပစ်ခတ်မှုများနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကိုပါ ပြုလုပ်လျက် ရှိသည်။

ထို့အပြင် ပေါက်တောမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကိုလည်း လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများနှင့် လူနေအိမ် ပျက်စီးမှုများ ပါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Spring Step Myanmar

#ရခိုင်သတင်း #ငပြီကျွန်း #စစ်ဘေးရှောင်ပြည်သူ #ArakanArmy #whathappeninginmyanmar

2 days ago | [YT] | 5

Spring Step Myanmar

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဦးစီးကျင်းပခဲ့သည့် မြို့နယ်အုပ်ချုပ်ရေး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အာရက္ခတပ်တော် (ULA/AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် မဟာမိတ်ခေါင်းဆောင်များ အောက်တိုဘာလ ၂၅ ရက်နေ့က တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

​အဆိုပါ ဗိုလ်လုပွဲ အခမ်းအနားသို့ AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့်အတူ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအုမ်တမာဝ်းတို့အပြင် နမ့်ခမ်းဒေသရှိ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် မြို့မိမြို့ဖများလည်း တက်ရောက်ခဲ့ကြသည်။

ထိုသို့တတ်ရောက်ရခြင်းမှာ မိမိတို့မဟာမိတ်များ၏ စည်လုံးညီညွတ်မှုအင်အားကို ပြသခြင်းဖြစ်တယ်လို့ တတ်ရောက်လာကြသည့် ခေါင်းဆောင်များက ပြောကြားခဲ့ပါတယ်။

​ယခုကျင်းပသည့် ဘောလုံးပြိုင်ပွဲတွင် နမ့်ခမ်းမြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုမှ အသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် ကောင်းတပ်ရပ်ကွက်အသင်းနှင့် ပေါက်တိုက်ရပ်ကွက်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပွဲချိန်အဆုံးတွင် ကောင်းတပ်ရပ်ကွက်အသင်းက ပေါက်တိုက်ရပ်ကွက်အသင်းကို ၃ ဂိုး - ၂ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပြီး ၂၀၂၆ ခုနှစ်အတွက် ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။

Spring Step Myanmar

#TNLA #ArakanArmy #ဒေါက်တာညိုထွန်းအောင် #နမ့်ခမ်းမြို့ #whathappeninginmyanmar

2 days ago | [YT] | 9

Spring Step Myanmar

ထိုင်းနိုင်ငံအပါအဝင် ပြည်ပရောက် မြန်မာလုပ်သားများအတွက် ထုတ်ပေးနေသည့် နိုင်ငံသားအထောက်အထား (CI) စနစ်အား ဆန့်ကျင်လှုပ်ရှားနေမှုများသည် အစိုးရကို ထိခိုက်စေခြင်းထက် ပြည်တွင်းရှိ ဆင်းရဲသားပြည်သူများနှင့် အလုပ်သမားမိသားစုများကိုသာ ဆင်းရဲတွင်းသို့ တွန်းပို့ရာရောက်ကြောင်း အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က ပြောဆိုလိုက်သည်။

​ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်နှင့် အလုပ်သမားအခွင့်အရေးများ ရရှိစေရန် နှစ်နိုင်ငံအကြား ရေရှည်ညှိနှိုင်းဆောင်ရွက်ခဲ့ရကြောင်း၊ ၂၀၀၉ ခုနှစ်မှစ၍ ညှိနှိုင်းမှုများ အဆင်ပြေခဲ့ပြီးနောက် မြန်မာလုပ်သား ၁.၈ သန်းခန့်ကို တရားဝင်အလုပ်သမားများအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ကြောင်း မောင်မြင့်ကဆိုသည်။

လက်ရှိတွင်လည်း အထောက်အထားမဲ့ မြန်မာလုပ်သားများ ထပ်မံတိုးပွားလာနေသည့်အတွက် နှစ်နိုင်ငံညှိနှိုင်းမှုဖြင့် အထောက်အထားစာရွက်စာတမ်း (Certificate of Identity - CI) ထုတ်ပေးသည့်စနစ်ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

​ထိုင်းအစိုးရက မြန်မာလုပ်သား ၇ သိန်းကျော်ကို ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ CI ထုတ်ပေးရန် ခွင့်ပြုထားပြီး စခန်း ၄ ခုနှင့် မိုဘိုင်းယာဉ်တစ်စီး စုစုပေါင်း ၅ နေရာတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

CI ထုတ်ပေးရာတွင် လုပ်ခလစာ၏ ၂ ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ခံပြီး တစ်ရက်လျှင် အနည်းဆုံး ဘတ် ၃၀၀ ရရှိသူတစ်ဦးအတွက် တစ်လလျှင် အခွန် ဘတ် ၁၅၀ ခန့်သာ ကျသင့်မည်ဖြစ်သည်။ ထို့ပြင် တရားဝင် ငွေလွှဲပို့မှု (Remittance) စနစ်ကို အသုံးပြုရန် သတ်မှတ်ထားပြီး လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် ၃ လစာ လွှဲပို့ထားသည့် အထောက်အထားပြနိုင်မှသာ CI ထုတ်ပေးမည်ဖြစ်သည်။

​CI စနစ်ကို ဆန့်ကျင်သူများအနေဖြင့် ငွေလွှဲပို့မှုမှတစ်ဆင့် အစိုးရက အကျိုးအမြတ်ရရှိနေသည်ဟု ယူဆနေကြသော်လည်း ယင်းငွေကြေးများသည် အလုပ်သမားများ၏ မိသားစုများထံ ရောက်ရှိသွားခြင်းသာဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။

နိုင်ငံအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် လိုအပ်သည့် ဓာတ်ငွေ့များ ဝယ်ယူရာတွင် နိုင်ငံခြားငွေ လိုအပ်သဖြင့် ပြည်ပရောက်လုပ်သားများ၏ ငွေလွှဲပို့မှုသည် ပြည်တွင်းပြည်သူများအတွက် အရေးပါကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

​ထို့ပြင် CI စနစ်ကို ဆန့်ကျင်လှုပ်ရှားသူအချို့သည် မိမိတို့ကိုယ်တိုင် တရားဝင်အထောက်အထား ရရှိထားပြီးဖြစ်သော်လည်း အခြားအထောက်အထားမဲ့ လုပ်သားများကို CI မလုပ်ရန် တိုက်တွန်းနေကြကြောင်း ဝန်ကြီးက စွပ်စွဲပြောဆိုခဲ့သည်။

အဆိုပါ လုပ်ရပ်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်တွင်း၌ ကျောင်းမတက်ရန် တိုက်တွန်းပြီး မိသားစုဝင်များကို ပြည်ပတွင် ပညာသင်ကြားစေခဲ့သည့် ဖြစ်စဉ်များနှင့် တူညီနေကြောင်းလည်း နှိုင်းယှဉ်ပြောဆိုခဲ့သည်။

​အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ မိသားစုလွှဲပို့ငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရရှိခဲ့ဖူးပြီး ယခုနှစ်တွင်လည်း ယင်းပမာဏအတိုင်း ပြည်တွင်းသို့ စီးဝင်နိုင်ရန် ရည်မှန်းဆောင်ရွက်နေသည်ဟု ဆိုသည်။

သို့သော်လည်း ထိုင်းရောက်မြန်မာလုပ်သားများမှ တော်လှန်ရေး ဦးဆောင်သူများ၏ စကားသည်သာ မိမိတို့အတွက် စေတနာပါသောစကားအဖြစ်ယုံကြည်ဟု ပြန်လှန်ဝေဖန်ပြောဆိုနေကြပါတယ်။

Spring Step Myanmar

#မင်းကင်းမောင်မြင့် #CIစာအုပ် #ထိုင်းရောက်မြန်မာ #အလုပ်သမားဝန်ကြီး #whathappeninginmyanmar

2 days ago | [YT] | 0